Monday, October 10, 2011

သတ္တ၀ါတို့၏ ၃၁- ဘုံ

`သတ္တ၀ါတို့ရဲ့ ၃၁-ဘုံ၊ သတ္တ၀ါတွေ မျိုးစုံရှိတဲ့ ၃၁-ဘုံအကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ထိုထိုကျမ်းဂန်တွေမှာ ပါရှိတယ်။ အဘိဓမ္မာမှာသာ ပါရှိတာမဟုတ်ဘူး ၃၁-ဘုံက၊ မူလပရိယာယသုတ်မှာလည်း ဘုံတွေအကြောင်း ပါတာပဲ၊ တခြားသုတ္တန်တွေမှာ လည်း ပါတယ်။ အဘိဓမ္မာ ၇-ကျမ်းမှာ အပါအ၀င်ဖြစ်တဲ့ ၀ိဘင်္ဂလို့ခေါ်တဲ့ ၀ိဘင်းကျမ်းမှာလည်း ဒီဘုံနဲ့သက်တမ်းတွေအကြောင်း ရှင်းလင်းတင်ပြထားတာ ရှိတယ်။

သို့သော်လည်း မြန်မာနိုင်ငံမှာတောင်မှ အချို့အချို့ပုဂ္ဂိုလ်တွေက ၃၁-ဘုံဆိုတာကို ငြင်းပယ်ချင်ကြတယ်။ သူတို့ငြင်းပယ်ခြင်းရဲ့ အကြောင်းက ၃၁-ဘုံ မရှိဘူးဆိုပြီးတော့ ငြင်းပယ်ကြတာ ဘာလို့ငြင်းပယ်တာတုန်းဆိုတော့ မမြင်ရလို့တဲ့၊ အကြောင်းပြကတော့၊ မြင်ရတာ လူတွေနဲ့ တိရစ္ဆာန်တွေပဲ မြင်ရတယ်၊ ကျန်တာတွေက မမြင်ရလို့၊ မမြင်ရလို့ ငြင်းပယ်ကြစတမ်းဆို မမြင်ရတာတွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊ မမြင်ရဘဲနဲ့ ရှိနေတဲ့ဟာ အသံဆိုတာ မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အနံ့ကကော မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အရသာရော (မမြင်ရဘူးဘုရား) မမြင်ရဘူး၊ မမြင်ရပေမဲ့လို့ အရှိထဲထည့်ရတာတွေ အများကြီးပဲ လောကကြီးမှာ။

အဲဒါကို မြန်မာနိုင်ငံမှာပဲ အရင်တုန်းက ဘုန်းကြီးတို့ငယ်ငယ်တုန်းက တွေ့တယ် `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီးတော့၊ အမှန်ကတော့ ဘုရားကလက်မခံတာ မဟုတ်ပါဘူး၊ သူလက်မခံတာ၊ တကယ်ကတော့ ရေးသင့်တာ `၃၁-ဘုံဝါဒ ငါလက်မခံ´ဆိုရင်တော့ ကောင်းတာပေါ့နော်၊ (မှန်လှပါဘုရား) ဘုရားနာမည်ကို အလွဲသုံးစား လုပ်တယ်လို့ ဒီလိုပြောရမှာပေါ့။

အေး.. တော်တော်များများ တခြားနိုင်ငံတွေမှာလည်းပဲ Buddhism- ဆိုပြီးတော့၊ ဗုဒ္ဓ၀ါဒဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ရေးလိုက်တဲ့အခါကျတော့ သူတို့အယူအဆတွေချည်းပဲ ရေးရေးနေကြတယ်။ အဲဒါမျိုးတွေ တော်တော်များများတွေ့နေရတယ်၊ သတိထားစရာ ကောင်းတာပေါ့၊ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်တယ်။ ကိုယ်မကြိုက်တာနဲ့ မရှိဘူးလို့ ပြောလို့မရဘူးလေ။ ကိုယ်မမြင်ရလို့ ပြောစတမ်းဆိုလို့ရှိရင်လည်း နှစ်ပေါင်း ၂၅၀၀-ကျော်က ပွင့်ခဲ့တဲ့ဘုရားလည်း ကိုယ်မှမြင်ရတာမှ မဟုတ်ဘဲကို၊ မမြင်ရလို့ လက်မခံဘူးဆိုလို့ရှိရင် လက်မခံရမယ့် အကြောင်းတွေအများကြီးပဲ၊ အမေ့ဗိုက်ထဲ နေတုန်းက ကိုယ်အဖေနဲ့ ကိုယ့်အမေ မြင်ခဲ့ရတာမှ မဟုတ်ဘဲနဲ့၊ အပြင်ဘက်ရောက်မှ ဘေးကလူတွေက အဖေလို့ပြောလို့ အဖေဆိုပြီး လက်ခံနေကြရတာ။

အေး `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီး အရင်တုန်းက စာအုပ်တစ်အုပ် မြန်မာပြည်မှာ ထွက်ဘူးတယ်။ တကယ်ကတော့ သူလက်မခံတာပါ။ စာပေကျမ်းဂန်မှာ လိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ထေရ၀ါဒပိဋကတ်၊ သံဂါယနာ ခြောက်တန်က အသိအမှတ်ပြုပြီးတော့ လက်ခံထားတဲ့ ကျမ်းဂန်တွေထဲမှာ ၃၁-ဘုံ ဆိုတာ အတိအလင်း ပါရှိပြီးသားဖြစ်တယ်။ ထိုထိုဘုံတွေရဲ့အကြောင်းကို ရေးသားထားတာ အကြောင်းအားလျော်စွာပေါ့.. နော်..၊ (မှန်လှပါဘုရား)။

အေး တချို့ကလည်းပဲ ဘုံတွေအကြောင်းများတာ လူတွေကို ဘုံခန်းနဲ့ မြှောက်တယ်-လို့ ဒီလိုထင်ကြသေးတယ်။ ဘုံဆိုတာ သူ့ဟာသူရှိတာ မြှောက်စရာအကြောင်းလည်း မဟုတ်ပါဘူး.. နော်၊ (မှန်လှပါဘုရား)။ ဘုံဆိုတာ သတ္တ၀ါတို့ရဲ့ ဖြစ်ရာဌာနကို ပြောတာလေ၊ `ဘူမိ´ဆိုတဲ့ ဒီပါဠိစကားလုံးကနေလာတော့ လူသတ္တ၀ါတွေရဲ့ ဖြစ်ရာနေရာကို လူ့ဘုံလို့ ဒီလိုခေါ်တာ၊ လူသတ္တ၀ါတွေနဲ့ မတူညီတဲ့ အခြားသတ္တ၀ါတွေ မြောက်များစွာ ရှိတယ်ဆိုတာ ဒါ မမြင်ရပေမဲ့လို့ ရှိနိုင်တယ်ဆိုတာ အများကြီးပဲ လက်ခံစရာ၊ အဲဒီတော့ သတ္တ၀ါရှိတယ်ဆိုတာ စိတ်ကူးယဉ်ပြီး ပြောတာတော့ မဟုတ်ဘူး။ ထိုသတ္တ၀ါတွေဟာ ဘာကံကြောင့် အဲဒီဘုံရောက်တယ်၊ ထိုဘုံရဲ့ ပဋိသန္ဓေစိတ်က ဘာတွေလဲ၊ ထိုဘုံမှာ ဘာတွေဖြစ်သလဲဆိုတာ တိတိလင်းလင်း ဟောထားတာ။ ဆိုပါစို့ စိတ်ကူးပြီး ဘယ်ဘုံရှိတယ်လို့ ပြောတာမှ မဟုတ်ပဲ၊ အဲဒီဘုံမှာ သတ္တ၀ါတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ အကြောင်းနဲ့ အကျိုးနဲ့ သေသေချာချာ ဟောထားတာဖြစ်သည့်အတွက်ကြောင့် သာမာန် မှန်းရမ်းပြီးတော့ ပြောတာမဟုတ်ဘူး။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ်၊ `ယဒေ၀ သာမံ ဉာတံ၊ သာမံ ၀ိဒိတံ´- ငါကိုယ်တိုင်သိတာတဲ့၊ ငါကိုယ်တိုင်သိပြီးတာကို ဟောတာ၊ သူများဆီက ကြားပြီး ဟောတာမဟုတ်ဘူး ၃၁-ဘုံနဲ့ ပတ်သက်လာလို့ရှိရင်၊ ဘုံတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ငါကိုယ်တိုင်သိလို့ ငါကိုယ်တိုင်မြင်လို ဟောတာလို့၊ ဒါဖြင့် ဘာဖြစ်လို့သိတာတုံး၊ ဘာနဲ့သိတာတုံးလို့ မေးလို့ရှိရင် မြတ်စွာဘုရားမှာ ဒိဗ္ဗစက္ခုလို့ ဆိုတဲ့ အင်မတန်အစွမ်းထက်တဲ့ မနေ့တုံးကပြောထားတယ်၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်သည့် အတွက်ကြောင့် ထူးခြားတဲ့ အမြင်တစ်မျိုးကို ရရှိထားတယ်၊ သမာဓိစွမ်းအားတွေ ဖြစ်တယ်၊ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိဉာဉ်စွမ်းအားတွေ ရလိုက်တာနဲ့ တပြိုင်နက် ထိုဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ ယထာကမ္မူပဂဉာဏ်၊ ဘယ်ကံလုပ်ရင် ဘယ်အလုပ်လုပ်ရင် ဘယ်မှာဖြစ်မယ်ဆိုတာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သိလို့ မြင်နေတယ်ပေါ့၊ အကြောင်းတရားတွေကို ကြည့်ပြီးတော့ မြင်နေတာ။ (….)

အေး မြန်မာပြည်မှာ တစ်ချိန်တုံးက မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ စောဒကတက်တယ်၊ ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီး သဗ္ဗညုတဉာဏ်ဆိုတာရှိသလား ဆိုပြီး၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်း ထွက်လာသေးတယ်နော်။

တချို့ကလည်းရောယောင်ပြီးတော့ ရှောက်ပြီးတော့ စာတွေထဲမှာရေးကြတာရှိတယ်၊ `ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ´ ဆိုပြီးနာမည်တပ်ပြီးတော့ အဲဒီထဲမှာ ကိုယ့်ဝါဒတွေရေးတာတွေ ရှိသေးတယ်။ အင်မတန်မှ သတိထားစရာကောင်းတယ်နော်၊ အဲဒီထဲမှာ ဘယ်လိုရေးထားသတုန်းဆိုရင် မြတ်စွာဘုရားက သူ့ကိုသူ သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်မခံဘူးတဲ့ ဆိုပြီးတော့ သူက refer- လုပ်တယ်၊ ညွန်းတဲ့သုတ်တွေက ဘာသုတ်တွေတုန်းဆိုတော့ အဲဒီညွန်တဲ့သုတ်တွေထဲမှာ ဘယ်လိုအဓိပ္ပါယ်ရှိတုန်း သေချာစာကို ဖတ်ပုံမရဘူး၊ အဲဒီထဲမှာ `သတတံ သမိတံ ဉာဏဒဿနံ ဇာဂရတောပိ သုတ္တတောပိ စရတောပိ တိဋ္ဌတောပိ´အဲဒီစကားလုံးလေးတွေ ပါတယ်။ တခြားဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့ မက္ခလိဂေါသာလ-စတဲ့ ပုဂ္ဂိုလ်တွေက သူတို့မှာလည်း သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်ခံကြတယ်။ သူတို့ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လိုအမျိုးအစားတုန်းလို့ ဆိုလို့ရှိရင် အိပ်နေတုန်းဖြစ်စေ ရပ်နေတုန်းဖြစ်စေ သွားနေတုန်းဖြစ်စေ ဘယ်အချိန်မှာမဆို သူ့ဉာဏ်ကြီးက ရှိနေတယ်လို့ ၀န်ခံတယ်။ ဒါအဓိပ္ပါယ်မှ မရှိဘဲ၊ အိပ်ပျော်နေတာ ဘယ်လိုလုပ် ဉာဏ်ကရှိမတုန်း။ အဲဒီစကားလုံးပါတာကို သတိမထားဘူး၊ မြတ်စွာဘုရားက အဲဒီ ဉာဏ်မျိုးရှိသလားလို့ မေးတဲ့အခါကြတော့ မရှိဘူးလို့ ဖြေတာပေါ့၊ ဘယ်ရှိမတုန်း အိပ်နေတုန်းဆိုတာ omnipresent- ဆိုတာ ထာဝရ အမြဲတမ်းရှိနေတယ်ဆိုတာ ဘယ်ဟုတ်မတုန်း၊ ဒါ ယုတ္တိလည်းမရှိဘူး၊ ထာဝရအမြဲရှိနေတာ၊ အဲဒီလိုဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊ ကျိန်းစက်တော်မူနေတဲ့ အချိန် ဘယ်ဉာဏ်ရှိမလဲ။ ကျိန်းစက်နေရင်တော့ ဘ၀င်စိတ်ပဲဖြစ်မှာပေါ့၊ အိပ်ပျော်နေတာကိုး၊ အဲဒီတော့ အချိန်မရွေး ဉာဏ်ကြီးဟာ မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး လင်းနေတယ်လို့ ဒီလို ၀န်ခံတာဟာတော့ ရီစရာကြီးပေါ့။

မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဝေဖန်ထားတယ် ဒီ တချို့ဘုရားတွေဟာ သူတို့မှာ ဒီလို အိပ်နေတုန်းရော နိုးနေတုန်းရော သွားနေတုန်းရော ထိုင်နေတုန်းရော အမြဲတမ်း ဉာဏ်တော်ကြီးက လင်းနေတယ်ပြောတယ်တဲ့ ဒါပေမဲ့လို့ လမ်းမှားလို့ လမ်းမသိလို့ လမ်းမေးရတာရှိတယ်တဲ့ နာမည်မသိလို့မေးရတာ ရှိတယ်တဲ့ မဟုတ်တဲ့လမ်းရောက်သွားလို့ ဒုက္ခရောက်သွားတာတွေရှိတယ်တဲ့၊ ကဲ ဘယ်လိုလုပ်မလဲ၊ အမြဲတမ်း ဉာဏ်ကြီးရှိနေရင် လမ်းမှားပါ့မလား၊ လမ်းမေးစရာကော လိုသေးသလား၊ မလိုဘူး၊

မြတ်စွာဘုရားမှာရှိတဲ့ သဗ္ဗညုတဉာဏ်မျိုးဆိုတာ ဘယ်လိုဟာတုန်းဆိုရင် `သိချင်လို့ ကြည့်လိုက်လို့ရှိရင် အကြွင်းအကျန်မရှိအောင်သိတဲ့ဉာဏ်၊´ သိချင်ပြီ ဉာဏ်ကိုအသုံးချပြီဆိုရင် ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ ဓားအိမ်ထဲထည့်ထားရင် ဘယ်ခုတ်လို့ရမလဲ။ ထုတ်ပြီး အသုံးပြုပြီဆိုလို့ရှိရင် ဓားရှိတယ် ခုတ်လို့ရတယ် ဒါပြောတာ၊ ဘုရားရဲ့ သဗ္ဗညုတဉာဏ်စွမ်းအား၊ ဒီအကြောင်းအရာတစ်ခုကို သိချင်လို့ ကြည့်လိုက်ပြီဆိုလို့ရှိရင် ဘာမှမကျန်ရအောင် အပိတ်အပင် အတားအဆီးမရှိအောင်၊ မရှိတာ `အနာဝရဏ´ လို့ခေါ်တယ်၊ အပိတ်အပင် အတားအဆီးမရှိတဲ့ဉာဏ်။

ပစ္စုပ္ပန်မှာပဲဖြစ်စေ အတိတ်မှာပဲဖြစ်စေ အနာဂတ်မှာပဲဖြစ်စေ ဘယ်လောက်ဝေးကွာ ဝေးကွာ ဘယ်လောက်နက်နဲနက်နဲ ဘယ်လောက် ခက်ခဲခက်ခဲ သိချင်လို့ ဦးလှည့်လိုက်ပြီဆို ရင် အကုန်မြင်ရတယ်လို့ပြောတာ အကုန်သိရတယ်လို့ပြောတာ၊ မသိချင်ဘူးဆိုရင်တော့ ဒီဉာဏ်က ဘယ်အလုပ်လုပ်မလဲ၊ ဒါသဘာဝမဟုတ်ဘူး၊ မသိချင်ဘဲနဲ့ သူ့ဟာသူ အလိုလိုလာသိနေရင် ဘယ်လိုလုပ် အိပ်လို့ရမလဲ၊ Omnipresent- ဆိုတာ မဖြစ်နိုင်ဘူးပေါ့၊ အဲတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ခုကနလို အိပ်နေတုန်း အမြဲတမ်းရှိနေတဲ့ သဗ္ဗညုတဉာဏ်မျိုးကိုတော့ ဘုရားက လက်မခံဘူး၊ အဲဒီလက်မခံတာကိုပဲ ရောပြီး ဘုရားမှာ သဗ္ဗညုတဉာဏ်ရှိကြောင်း မြတ်စွာဘုရား လက်မခံဘူး-လို့ ရောယောင်ပြီး ရေးတာမျိုးတွေ ရှိတယ်၊ မြန်မာပြည်မှာ စာအုပ်တွေ၊ ပြီးတော့ အဲဒီလိုစာအုပ်ထဲမှာပဲ နိုင်ငံခြားသားက ရေးတာတွေကို အဟုတ်ထင်ပြီးတော့ အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင် တစ်ချို့မြန်မာပြည်က အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တွေကလည်း အင်္ဂလိပ်လို့ ရေးလိုက်လို့ရှိရင် အဟုတ်ထင်တယ်။ အဲဒါလဲပဲ သတိထားစရာလေးတွေ ရှိတယ်။

`အခုလိုပြောရတာဟာ သူများကို ပြစ်တင်ရှုတ်ချ ကဲ့ရဲ့လို၍ ပြောတာမဟုတ်ဘူး၊ သတိထားဖို့ပြောတာ။´

အဲမြန်မာလိုရေးထားတဲ့ နိုင်ငံခြားက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကို ကိုးကားပြီးတော့ နောက်ယောင်လိုက်ထားတဲ့ စာအုပ်တွေထဲမှာ ဘာတွေ ရေးထားတုန်းဆိုတော့ `မြတ်စွာဘုရားက ၃၁-ဘုံကို လက်မခံဘူးတဲ့၊ ဗြဟ္မာပြည်ရှိတယ် ဆိုတာကို လက်မခံဘူးတဲ့၊ သူဆွဲထားတာ၊ ဆွဲထားပြီးတော့ ဘာကို အကိုးအကားပြတုန်းလို့ ဆိုတဲ့အခါကျတော့ တေ၀ိဇ္ဇသုတ်မှာတဲ့ မြတ်စွာဘုရားက ၀ါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို မေးတယ်၊ မင်းတို့ဆရာတွေရော ဗြဟ္မာကို မြင်ဖူးလား-လို့ မေးတော့ မမြင်းဖူးဘူး၊ ဒါဖြင့် မင်းတို့ဆရာ့ဆရာကြီးတွေရော မြင်ဘူးလားဆိုတော့၊ မမြင်ဖူးဘူး။ ဒါဖြင့် မင်းတို့ ဝေဒကျမ်းပြု ရှေးဟောင်းရသေ့ကြီးတွေကရော ဗြဟ္မာကို မြင်ခဲ့ဖူးလားဆိုတော့၊ မမြင်ဖူးဘူး၊ ဒါဖြင့် မင်းတို့ဟာ မမြင်ဖူးပဲနဲ့ ပြောနေကြတာ ရမ်းပြီးတော့ ရှေ့ကလူကလည်း မမြင်၊ နောက်ကလူကလည်း မမြင်ဘူးဆိုတဲ့ မျက်မမြင် သူကန်းတွေရဲ့ အစဉ်အတန်းကြီးလို ဖြစ်နေတာပေါ့-လို့ မြတ်စွာဘုရားက ပြောတယ်။

အဲဒီစကားလေးကို ထောက်ပြီးတော့ သူက ကြည့်တဲ့ မြတ်စွာဘုရားက ဗြဟ္မာမရှိဘူး-လို့ ပြောတယ်တဲ့၊ ဟော၊ အဲဒီ စာပိုဒ်လေးရဲ့ နောက်ကို ဆက်ဖတ်လိုက်လို့ရှိရင် ဘုရားက ဘယ်လိုပြောထားတုန်းဆိုတော့ အဲဒါကျတော့ မြှုပ်ထားလိုက်တယ်၊ မြတ်စွာဘုရားက ဘယ်လိုဆက်ပြောသတုန်းဆို `၀ါသေဋ္ဌ၊ ငါက ဗြဟ္မာကိုလည်း မြင်ဘူးတယ်၊ ဗြဟ္မာပြည်ရောက်ကြောင်းတရားကိုလည်း သိတယ်၊´ အဲဒါကျတော့ ထည့်မရေးတော့ဘူး။

ဒါကြောင့်မို့လို့ `Buddhism- ကို လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ပါ။ မြတ်စွာဘုရား တရားတော်ကို လေ့လာမယ်ဆိုလို့ရှိရင် မူရင်းကျမ်းကို ဖတ်ဖြစ်အောင်ဖတ်၊ ကိုးထားတာလေးနဲ့ မကျေနပ်နဲ့။´

ဗုဒ္ဓရဲ့ အယူဝါဒကို မိမိရဲ့ အယူအဆတွေနဲ့ pollution- လုပ်တယ်ပေါ့။ Polluted-ဆိုတာ ညစ်နွမ်းစေတာ၊ လေကို ညစ်နွမ်းစေတာ air-pollution; ရေကို ညစ်နွမ်းစေလို့ရှိရင် water-pollution; အသံတွေ ဆူညံနေလို့ရှိရင် noise-pollution; အလင်းရောင်တွေ သိပ်များနေလို့ရှိပင် light-pollution; မှားယွင်းတဲ့ အယူအဆတွေ ထည့်ပြီးတော့ ပြောလို့ရှိရင် view-pollution- ပေါ့။

အဲဒါကြောင့်မို့လို့ အင်မတန်သတိထားစရာ ကောင်းတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောထားတဲ့မူရင်းကျမ်း၊ ဆိုလိုတာက တစ်ပိုင်းတစ်စတော့ လက်ခံတယ်၊ တစ်ပိုင်းတစ်စတော့ လက်မခံဘူးဆိုတော့ ဘာနဲ့တူတုန်းဆိုရင် `ငါကြိုက်ရင် အမှန်၊ ငါမကြိုက်တာ အမှား´ ဒီပုံစံမျိုးရောက်နေတယ်၊ မကိုးဘူးဆိုရင် တစ်သုတ်လုံး မကိုးနဲ့လေ၊ ကိုးပြီဆိုရင်လည်း ချန်မထားနဲ့ အကုန်ကိုးရမယ်။ ရှေ့စကား နောက်စကား အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊ ကိုယ်လိုချင်တဲ့ အပိုဒ်လေးကို ဖြတ်ယူပြီးတော့ ကိုယ်လိုချင်တဲ့ နိဂုံး၊ conclusion- ဆွဲတာကတော့ အင်မတန်မှ ဆိုးဝါးတယ်၊ ဒါမျိုးတွေ ရှိတယ်။

ဘုန်းကြီးတို့ ငယ်ရွယ်စဉ်ကတည်းက အဲဒီစာအုပ်ကို ဖတ်ဖူးတယ်။ စိတ်ဝင်စားလို့ ဖတ်ထားပြီးတော့ အဲဒီစာအုပ်ရဲ့ ရှေ့ပိုင်း စာရွက်အလွတ်မှာ ရေးထားတယ်။

`ဤစာအုပ်သည် `ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´ဟု နာမည်တပ်ထားသော်လည်း သူ့ဝါဒတွေကိုသာ တင်ပြထားသည်ဖြစ်၍ ဖတ်တဲ့လူတိုင်း သတိထား၍ ဖတ်ကြပါ´လို့။ တကယ်တမ်းတော့ ဘုရားဝါဒ ဟုတ်မှမဟုတ်ဘဲ။ (….)

ဒါကြောင့်မို့ တစ်ခါတစ်ရံများ `၃၁-ဘုံဝါဒဟာ ဘုရားဟောမဟုတ်ဘူး၊ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့များ တစ်ချို့တစ်လေ အယူအဆမှားယွင်းမှာစိုးလို့ ပြောပြနေတာ။ ရှိနိုင်တယ်ဆိုတာ ကိုယ်မမြင်ရပေမယ်လို့ ရှိနိုင်တာတွေ ရှိနေတာတွေဟာ လောကမှာ အများကြီးရှိတယ်ပေါ့။

(ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ `အယူအဆမှားယွင်းမှာ စိုးရိမ်တော်မူသည့်အတွက်´ သတိပေး ဟောကြားတော်မူချက်ကို စာဖတ်ပရိသတ်များလည်း သိရှိမှတ်သားနိုင်ရန် အနည်းငယ် ကောက်နှုတ်တင်ပြကာ ပူဇော်လိုက်ပါသည်။)

အရှင်ကောဝိဒ (ယော)

No comments: