Tuesday, October 4, 2011

ရောဂါဝေဒနာများနှင့် မြန်မာ့ဆေးစွမ်းကောင်းများ

ရောဂါဝေဒနာများနှင့် မြန်မာ့ဆေးစွမ်းကောင်းများ

မျက်စိတိမ်သလ္လာစွဲနေသူတွေ (နုသေးရင်ပေါ့) ဆီးစေ့ကိုသွေးပြီး မျက်စဉ်းခတ်ပေးပါ။ သက်သာ ပျောက်ကင်းစေပါတယ်။ မျက်စိမှုန်သူ၊ မျက်ရည်ပူယိုလွယ်သူ၊ အမြဲတမ်း မျက်စိကျိန်းတတ်သူများ ဆိုရင် ရက်မကြာခင် သက်သာပျောက်ကင်းစေပါတယ်။ ရေ၀၀ချိုးပါ။ ရေ၀၀သောက်ပါ။ နံနက် စောစော အိပ်ရာမှထစေပြီး ဇလုံကြီးအတွင်း ရေအပြည့်ထည့်၍ မျက်စိ၊ မျက်နှာကို ရေစိမ်ပေးပါက မျက်စိရောဂါဝေဒနာများ သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
နားပြည်ယိုသူတွေ၊ နားထိုင်းသူတွေ (နုသေးရင်ပေါ့)၊ နားမှာ အပုပ်နံ့ထွက်နေသူတွေအားလုံး မုရိုးရွက်ကိုပြုတ်ပါ။ ခပ်နွေးနွေးပြု၍ ဖန်ရည်ဆေးပေးပါ။ ပြီးလျှင် မုရိုးရွက် ပြာချစေပြီး အုန်းဆီနှင့် ရောစပ်ပြီး နားအတွင်း ကြက်တောင်နှင့် ကျပ်ပေးပါက နားရောဂါများ သက်သာပျောက်ကင်းပါတယ်။ နောက်တနည်းက မိမိ နံနက်စောစော အိပ်ရာမှထပြီး မိမိပေါက်သော ကျင်ငယ်ရေကို ခွက်သန့်သန့်နဲ့ ခံယူပြီး မီးဖြင့်အပူပေးပါ။ နာရီဝက်ခန့် အအေးခံပါ။ ပြီးလျှင် နားအတွင်းသို့ မကြာခဏ လောင်းထည့်ပေးပါက နားရောဂါများ သက်သာပျောက်ကင်းစေပါသည်။
နှာခေါင်းသွေးလျှံတတ်သူများ ကြိတ်မှန်ရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရေ၀၀ ချိုးစေပြီး ရေ၀၀သောက်ပေးရပါမည်။ နှာခေါင်းသွေးယိုနေစဉ် ကြက်သွန်နီဥကို ပါးပါးလှီးစေပြီး ရှူရှိုက်ပေးပါက ရောဂါ သက်သာပျောက်ကင်းစေပါသည်။
လည်ချောင်းနာရောဂါရှိသူများ နံနက်စောစော အိပ်ရာမှထစေပြီး ရေ၀၀သောက်ပါ။ ရေ၀၀ချိုးပေးပါ။ နနွင်းမှုန့်စစ်စစ်နှင့် ထုံးရေကြည် အနည်းငယ်ရောစပ်ပြီး လည်ပင်းတ၀ိုက် ခပ်ပါးပါး လိမ်းပေးပါက နာကျင်နေသောရောဂါ ဝေဒနာများ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါ သည်။

မြတ်ခိုင် (စစ်ကိုင်း)
သူရဇ္ဇမဂ္ဂဇင်း (မတ်လ ၂၀၀၉)

No comments: